တွံတေး နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ချီးမြှင့်သော အဘိဓမ္မာ/ဂုဏ်ထူးဆောင် အဘိဓမ္မာအောင်/လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေလယ် ၁ နာရီ ခွဲအချိန်က တွံတေးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက မြို့နယ်သြဝါဒစရိယ ညောင်တံခါးကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သုမန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် ဆရာတော်မှ ဘာရနီတ(သြဝါဒ) ကထာဟောကြားတော်မူခဲ့သည်။ ဆက်လက်၍ တွံတေးမြို့ အဘိဓမ္မာပြန့်ပွားရေး အတွင်းရေးမှူး ဦးအောင်သိန်းမှ ၂၀၂၃ ခုနှစ် အဘိဓမ္မာသင်တန်း ငွေစာရင်းရှင်းတန်းအား ဖတ်ကြားလျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် ကြွရောက်ချီးမြှင့်ကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများကို အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး တွံတေးမြို့နယ် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ နာယက မြို့နယ်သံဃနာယက(သုဓမ္မာ)ဥက္ကဋ္ဌ နိဂြောဓါရုံကျောင်းတိုက်၏ ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တ နန္ဒောဘာသ အရှင်သူမြတ်မှ မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအမှတ်အများဆုံးရရှိသော သင်တန်းသူ ဒေါ်သက်ပိုင်စိုး၊ တိုင်းအဆင့် ဆုရသင်တန်းသူ ဒေါ်ဆုမြတ်ပိုင်၊ တိုင်းဒုတိယအဆင့်၊ ဒုတိယရရှိသော သင်တန်းသူ ဒေါ်ဇင်မီမီထက်၊ မြို့နယ်အဆင့် တတိယဆုရရှိသူ ဒေါ်သိမ့်သိမ့်ထွန်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများချီးမြှင့်ပေးကာ ထပ်ဆင့်ဂုဏ်ပြုဆုငွေကို (ကျားကမ္ဘာ၊ ကျော်) အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမိသားစုမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တွံတေးမြို့ ဓမ္မစကူးလ်ကော်မတီနာယက အဒွန်း(မြို့မ)ကျောင်းတိုက်၏ ဦးစီးပဓာန နာယက သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အရိယဝံသ အရှင်သူမြတ်မှ ဂုဏ်ထူးဆောင် အဘိဓမ္မာတွင် မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယရရှိသော သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကဆရာတော်များ အဘိဓမ္မာပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဘာသာရေးအသင်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရရှိရသည်။
မျိုးလှိုင်(ပြန်/ဆက်)