ဟိုပုံး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသအဆင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့်ကျင့်ဝတ်တန်ဖိုးများကို မြှင့်တင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ပင်းပက်)၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးသည့် ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စကားဝိုင်းကိုကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(ပင်းပက်)မှ ကျောင်းသား (၁) ဦး၊ ကျောင်းသူ (၃) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄) ဦးတို့က “ကျောင်းသားနှင့် စာပေ”၊ “စာဖတ်ခြင်း၏အကျိုးကျေးဇူး”၊ “ကျွန်တော်အနှစ်သက်ဆုံးစာအုပ်တစ်အုပ်”၊ “စာပေနှင့်ပညာ” စသည့်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ရာတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ဆွေးနွေးပေးခဲ့သည့် ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအဆင့်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍ သုတ၊ ရသ၊ စာအုပ်စာစောင်များအားခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုမှတ်သားလေ့လာခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)