ကျိုင်းလပ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးများအား စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကလေးများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာပြောဆိုတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးဆောင်ရွက်တတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကလေးများကို အမှတ်တရလက်ဆောင်နှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)