ကော့မှူးတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကော့မှူး နိုဝင်ဘာ ၂၂

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးခင်ဇော်(ခင်ဇော်-ကော့မှူး)တို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့ကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်း၊ ၁၉၂၂ ခုနှစ်က စတင်ခဲ့သည့်အမျိုးသားအောင်ပွဲသည် ယခုအခါနှစ်ပေါင်း ၁၀၀ကျော်တိုင်ပြီဖြစ်ကြောင်း၊ ထိုစဉ်ကနိုးကြားရှင်သန်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်သည်နယ်ချဲ့အစိုးရ၏မတရားဖိနှိပ်မှုမှလွတ်မြောက်ရန် ကြိုးပမ်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံးနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေသည့်အမျိုးသားရေးစိတ်ဓာတ်ဖြစ်ကြောင်း၊ ယင်းအမျိုးသားစိတ်ဓာတ်သည်မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားတိုင်း၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးအတွက်ဖြစ်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကိုကျင်းပရာ အ.မ.က(မြို့သစ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင် ဆုရရှိသူများကိုတာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)