လသာမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV VACCINE) ထိုးနှံခြင်းနှင့် (DT VACCINE)ကာကွယ်ဆေးများထိုးနှံပေး

လသာ နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ​​ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်​ဆေး (HPV VACCINE)နှင့် (DT VACCINE)ထိုးနှံပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ​​​ဒေါက်တာမြင့်မြင့်​မော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်ကြက်​ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ​ဒေါ်မြင့်မြင့်​​မော်နှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများ အားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV VACCINE)နှင့် (DT VACCINE)ထိုးနှံခြင်းလုပ်ငန်း၏ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်များသော ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ စသည်တို့ကို ကျောင်းသူများအား ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား လသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)