တာချီလိတ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1 G 1- 11 ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထောင်းခိုင်း ဆီယာလာတ်တို့က အဖွင့်အမှာစကားပြောကြားပြီး နှစ်နိုင်ငံကိုယ်စားလှယ်များ တစ်ဦးချင်း မိတ်ဆက်စကားပြောသည်။
ထို့နောက် မြန်မာ-လာအိုဒေသဆိုင်ရာနယ်ခြားကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း ဦးဆောင်သောအဖွဲ့နှင့် လာအိုနိုင်ငံမှ ဗိုလ်မှူးကြီး ထောင်းခိုင်း ဆီယာလာတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှုရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စရပ်များ စသည်တို့ကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ နှစ်နိုင်ငံကိုယ်စားလှယ် အတွင်းရေးမှူးများက နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ရေးမှတ်တမ်းပြုစု၍ (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေးသဘောတူညီချက်မှတ်တမ်းအား နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက လက်မှတ်ရေးထိုးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများတွင် အများအားဖြင့် တူညီကြပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံကိုယ်စားလှယ်များက တာချီလိတ် ရွှေတိဂုံစေတီတော်သို့လည်းကောင်း၊ မိုင်းဖုန်း(ခ)ကျေးရွာရှိ လွယ်ယွန်းခန်းစေတီတော်သို့လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)