ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.ထ.က(၂)ကျောင်း အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(၂)လမ်းမတော် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ-ထ-က(၂)လမ်းမတော်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာမော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းမတော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အ-ထ-က(၂)လမ်းမတော်မှ ကျောင်းသား/သူလေးများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသီးသီးပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌမှအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကျော်ဆန်းမြင့်