မိုင်းပျဉ်းမြို့ အထကကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

မိုင်းပျဉ်း  နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း နဝဒေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အမျိုးသားနေ့ပေါ်ပေါက်လာပုံအကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်က သဘာဝဘေးအန္တရာယ်များအကြောင်းတို့ကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်အချက်များပါဝင်သော လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲ အခမ်းအနားသို့ အထက‌ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)