ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

သထုံ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင့်သီတာဇော်က ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ သင်ကြားသင်ယူမှုစနစ်များ၊ သင်ကြားရေးဌာနများ စသည်တို့ကိုရှင်းလင်း၍ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တက္ကသိုလ်ပညာရေးအဖွဲ့နှင့် မိတ်ဆက်ပေးကာ ပထမနှစ်(ပထမနှစ်ဝက်)၌ သင်ကြားပေးကြမည့် ဘာသာရပ်သင် ဆရာ၊ ဆရာမများက ဘာသာရပ်အလိုက် တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူစုစုပေါင်း (၅၆၀)ခန့် အေးချမ်းစွာတက်ရောက်လျက်ရှိပြီး ဆရာဆရာမ (၃၈) ဦးတို့က သင်ကြားပေးလျက်ရှိသည်။

အဆိုပါနေ့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သို့ ဝင်ခွင့်ရရှိခဲ့ကြသည့် မောင်မယ်သစ်လွင် ၁၁၉ ဦးတို့အား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်