ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမ၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ဒဂုံအရှေ့  နိုဝင်ဘာ ၂၂

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အ​ကြို ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမဥ္ဇူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူးဦးဝင်းကိုကိုလတ်(ဖိုးလောင်းတူး-ဥပဒေ)က အမျိုးသား​အောင်ပွဲနေ့စတင်ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့သတ်မှတ်ခဲ့ပုံ၊ အမျိုးသားနေ့နှင့်ပတ်သက်သောအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ကိုပြုလုပ်ရာ မာဂဓီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ  ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုလက်ဆောင်များပြန်လည်ချိီးမြှင့်ခဲ့ကြောင်းသိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)