မောက်မယ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား ကျောင်းသူများ မျိုးချစ်စိတ်ဓါတ် ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အလေးထားသိရှိနိုင်စေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ယနေ့နံနက် ၉ နာရီက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မြို့နယ်အဆင့် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကဗျာပြိုင်ပွဲကို “အမျိုးသားနေ့မြတ်တို့မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို “နိုင်ငံတော်သာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကဗျာပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို နိုဝင်ဘာလ(၂၅)ရက်နေ့၌ ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ပညာရေးဌာနမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)