အင်းစိန်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က အမျိုးသားအောင်ပွဲနေ့ အကြောင်းဟောပြောခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ ပုံပြောပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၉)ဦး၊ ကျပန်းပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၇)ဦးနှင့် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ(၂၀)ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့်ဝန်ထမ်းများ၊ အင်းစိန်ခရိုင် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ရွှေယမင်းဦးနှင့်အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းဌေးနှင့်အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်ဒေါ်ထက်ထက်လှိုင်၊ အမှတ်ပေးဒိုင်များဖြစ်သော စာရေးဆရာဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ စာရေးဆရာဦးဝင်းနွယ်(ဝင်းနွယ်-ပုသိမ်)နှင့် စာရေးဆရာရန်မိုးအောင်(အင်းစိန်)၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)