မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အားကစားအသင်းများ ဩဝါဒခံယူပွဲ ၊ ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၂၂

မွန်ပြည်နယ်အတွင်း အားကစားကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာတွင် နှစ်အလိုက်၊ ရာသီအလိုက်၊ ကဏ္ဍအလိုက် အားကစားပြိုင်ပွဲအမျိုးမျိုးကို အဆက်မပြတ်ကျင်းပပေးလျက်ရှိပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသက် (၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသား ဘောလုံးအသင်းနှင့် ရာမည FC အမျိူးသားဘောလုံ အသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသက် (၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသား ဘောလုံးအသင်းနှင့် ရာမည FC အမျိူးသားဘောလုံ အသင်းတို့မှ ပြိုင်ပွဲဝင် ဘောလုံးအားကစားသမားများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့ပြီး ဘောလုံးအသင်းအတွက် လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အားကစားအသင်းများ ဩဝါဒခံယူပွဲ ၊ ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ်အားကစားအသင်း အဖွဲ့ခေါင်းဆောင် ၊ အုပ်ချုပ်သူနှင့် နည်းပြများမှ မိတ်ဆက် ဂါရဝပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားသမားများအနေဖြင့် ဇွဲ၊ လုံးလ၊ ဝီရိယအပြည့်နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားကြရန် လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကိုပေါင်းစပ်၍ စိတ်ဓါတ်ကောင်းမွန်ခြင်းကိုအခြေခံပြီး တရားမျှတစွာဝင်ရောက် ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင်ရုံမျှမကနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံကြိုးစားသွားကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း အဖက်ဖက်က ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ထောက်ပံ့ငွေ ကျပ်သန်း(၅၈၇.၂၃၀)နှင့် အောင်နိုင်ရေးအလံကိုလည်းကောင်း၊ မွန်ပြည်နယ် အားကစားအသင်းများအတွက် အောင်နိုင်ရေး ကော်မတီမှ ထပ်မံချီးမြှင့်ထောက်ပံ့ငွေ ကျပ်သန်း(၂၆.၀၀၀)အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ပေးအပ်ချီးမြှင့်ခဲ့ရာ မွန်ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အားကစားဆပ်ကော်မတီ တာဝန်ရှိတို့မှ လက်ခံရယူခဲ့သည်။

အဲဒီနောက် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦးမှ မွန်ပြည်နယ်အားကစားအသင်းများ လေ့ကျင့်ပြင်ဆင်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနှင့် နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ အားပေးနှုတ်ဆက်ခဲ့သည်။

စည်သူ(ပြန်/ဆက်)