သံဖြူဇရပ် နိုဝင်ဘာ ၂၂
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ မြင့်ထွန်းရေးသားသော ကမ္ဘာကျော်သူတွေရဲ့အကြောင်းတွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ယနေ့လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အ.လ.က(ခွဲ) အောင်ဇေယျကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမော်က ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းသည် လူငယ်များအတွက် ကောင်းမွန်သော အလေ့အကျင့်ကောင်းများဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် Grade-8 ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မြင့်ထွန်းရေးသားသော ကမ္ဘာကျော်သူတွေရဲ့ ကမ္ဘာကျော်ရခြင်းအကြောင်းတွေ စာအုပ်ပါအကြောင်းအရာများထဲမှ စာဆိုတော်ရှင်ကြီးတဂိုး အကြောင်းအရာပါ တဂိုး၏ ငယ်စဥ်နည်းပြဆရာပေါင်းစုံနှင့် ပညာသင်ကြားခဲ့ပုံ၊ တဂိုးဟာ အိန္ဒိယ၏ အကြီးကျယ်ဆုံးစာရေးဆရာတစ်ဦးဖြစ်လာခဲ့ပုံ၊ တဂိုးကို အင်္ဂလိပ်အစိုးရက သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းဘွဲ့ကို အင်္ဂလိပ်အစိုးရထံ ပြန်လည်အပ်နှံခဲ့ပုံတို့ကို သင်ခန်းစာယူဖွယ်ရေးသားထားသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ (၃) ဦးတို့က ဖတ်ကြားရှင်းလင်းပြီး၊ တက်ရောက်လာကြသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများမှလည်း သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် ပြည်သူအသိပညာပေး ဆွေးနွေးပွဲများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ စာဖတ်ဝိုင်းအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)