(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြော၊ ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအားဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း နိုဝင်ဘာ ၂၂

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့်ကဗျာရွတ်ဆို၊ ပုံပြော​​​ပြိုင်ပွဲ၊ အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်း၊ အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခြင်းရည်ရွယ်ချက်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းသားလူငယ်များကို လူငယ်စကားဝိုင်းကျင်းပပေးခြင်း၊ နှုတ်မှုစွမ်းရည်ပြည့်ဝစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ နွေရာသီအားလပ်ရက်များအတွင်း အကျိုးရှိစေရေး စာစီစာကုံးရေးသားနည်း၊ ကဗျာရေးနည်း၊​ မော်ဒန်ပန်းချီဆွဲနည်း၊ ကိုယ်ကာယကြံ့ခိုင်စေရေး Myanmar Finite Dance အကသင်တန်းစသည့်တို့ကိုလည်းကောင်း၊ ပြည်သူများမိသားစုအပိုဝင်ငွေရရှိစေရန် ယိုမျိုးစုံ ပြုလုပ်နည်းသင်တန်း၊ ချည်ထိုးနည်းသင်တန်းနှင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းနည်းစသည်တို့ကို လစဉ်သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်(၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအထက်တန်းအဆင့် စာစီစာကုံးပြိုင်တို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမင်းဟန်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆုချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ထုတ်ဝေသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝင်းအတွင်း (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲ‌နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များပြသရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)