ညောင်ဦး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက နိုင်ငံတော်အကြီးအကဲ လာရောက်ခဲ့စဉ်က လမ်းညွှန်မှာကြားချက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ သက်ဆိုင်ရာဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ပြီးစီးအောင်လုပ်ကိုင်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ သန့်ရှင်းသပ်ရပ်ပြီး အဆင့်အတန်းမီစွာဖြင့် လာရောက်တည်းခိုနေထိုင်ကြသည့် ခရီးသွားများ စိတ်ချမ်းမြေ့လုံခြုံစွာတည်းခိုနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာခရိုင်ဦးစီးမှူးများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း