ကျောက်ဆည်မြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး

ကျောက်ဆည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သန့်ရှင်း၍စိမ်းလန်း စိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသော ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား ခရိုင်အဆင့် လုပ်ငန်းစီစစ်ရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းစစ်ဆေးခြင်းများနှင့်ပတ်သတ်၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေရေး ကျောင်းအုပ်ကြီး ဒေါ်ညိုညိုအေးက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်၊ သင်ကြားရေး ဆရာ/ ဆရာမများနှင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအကော်အထည်ဖော်ဆောင်ရေးကော်မတီ ဖွဲ့စည်းပြီး စာသင်ခန်းများရှေ့တွင်လည်းကောင်း၊ ကျောင်းဝန်းအဝင် လမ်းဘေးဝဲ/ ယာများတွင် အလှပန်းပင်များစိုက်ပျိုးခြင်း၊ စွန့်ပစ်ပစ္စည်းများကို တီထွင်ဖန်တီးပြုပြင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့လုပ်ငန်းများကို နေ့စဉ်အတန်းအလိုက်လုပ်ဆောင်ခြင်း၊ တီထွင်ဖန်တီးမှုအသစ်များဖြင့် ပန်းအလှအပင်များ စိုက်ပျိုးခြင်းများ၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေးမှုရှိသော အမှိုက်စီမံခန့်ခွဲခြင်း၊ စွမ်းအင်ချွေတာခြင်း၊ ရေချွေတာခြင်း၊ သစ်ပင်၊ ပန်းပင်များနှင့် စိမ်းလန်းစိုပြည်ခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သော မုန့်များရောင်းချခြင်း၊ အမျိုးအစားစုံလင်သော အပင်များဖြင့် စိမ်းလန်း စိုပြည်သော ကျောင်းပတ်ဝန်းကျင်ဖြစ်စေခြင်း၊ သန့်ရှင်း၍ အမှိုက်ကင်းစင်သောကျောင်းဝန်းနှင့် စာသင်ခန်းများ၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ထားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုအေးက ပြောပြသည်။

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာလှုပ်ရှားမှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ် အထောက်အပံ့ဖြစ်လာစေခြင်း၊ အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအဖွဲ့အစည်းများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် အလေ့အကျင့်ကောင်းများကို စဉ်ဆက်မပြတ် ရေရှည်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)