ကျိုင်းတုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Polytechnic University (Kyaing Tong)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖဲကိုးဖြတ်ဖွင့်လှစ်ပေးပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က Polytechnic University (Kyaing Tong) ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး ထောက်ပံငွေများပေးအပ်သည်။
ယင်းနောက် Polytechnic University (Kyaing Tong) ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် Polytechnic University (Kyaing Tong) ကျောင်းသား၊ ကျောင်းသူများ၏ ခင်းကျင်းပြသထားသော Product Show အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)