ပြင်ဦးလွင် နို၀င်ဘာ ၂၂
ကျောင်းသား၊ ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့်ယာဉ်မတော်တဆမှုများ ကျဆင်းစေရန်ရည်ရွယ်၍ အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်းက “အနာဂတ်ပန်းများလန်းစေဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့ အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်မြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များအားလည်းကောင်း၊ အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲတပ်ကြပ်ကြီး အေးစိုး(ဇင်ယော်)က ရင်ခွင်(၄)မျိုးနှင့် လမ်းပေါ်မှ အသံထွက် လူသတ်သမားများအကြောင်း စသည်ဖြင့်အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများမှ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)