ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့ မြကန်သာပန်းခြံနှင့် တောင်ကြီးဗျူးပွိုင့်ပန်းခြံအတွင်း ပန်းခြံသန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ရှုခင်းသာပန်းခြံရှေ့ ကွန်ကရစ်ရေမြောင်းဆောင်ရွက်နေမှု၊ အနောက်မြို့ပတ်လမ်းတစ်လျှောက် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)