ဇမ္ဗူသီရိ နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း (လက်ပံခါးလှ)၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။ ယင်းနောက် ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း (လက်ပံခါးလှ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)