ဥတ္တရသီရိ နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၇၃၇ ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၉၅၄ ဦးအား ဆုံဆို့မေးခိုင် ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လျာထားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး ယခုထိုးနှံပေးသည့် ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာရောဂါပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရှိရပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ နိုင်ဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွှန့်ရွှေ ဦးဆောင်၍ ဆေးထိုးအဖွဲ့များခွဲ၍ အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်ထက်မကျော်လွန်သည့် ကျောင်းသူ ၇၃၇ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်ထက်မကျော်လွန်သည့် ကျောင်းသား၊ ကျောင်းသူ ၁၉၅၄ ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)