ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲ ကျင်းပ

မန္တလေး နိုဝင်ဘာ ၂၁

ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်းဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ကိုးနာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၃လမ်းထောင့်ရှိ ဆေးတက္ကသိုလ်-မန္တလေး၊မန်းရတနာပုံ(ဇီဝက)ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ဆေးပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများ၊ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပညာသင်နှစ်အလိုက် သင်ကြားပေးမည့် အစီအစဉ်များနှင့် ကျောင်းစည်းကမ်းများကို ပြောကြားသည်။

ထို့နောက် ဆေးတက္ကသိုလ်-မန္တလေး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး ဘာသာရပ်ဆိုင်ရာ ဌာနမှူးများကိုယ်စား ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာစန်းစန်းလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ဆေးတက္ကသိုလ်-မန္တလေး၊ ဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါ်ခင်စိုးရီက တက္ကသိုလ်စည်းမျဉ်း၊ စည်းကမ်းများနှင့် စာမေးပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်-မန္တလေးသို့ ဆေးပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူ (၃၄၀)ဦးရှိကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)