တာမွေမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တာမွေ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်နှင့်ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/သူလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများမှ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများသည် ခန်းမအတွင်း ပြသထားသော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များပါဝင်သော နံရံကပ်စာစောင်များ၊ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး သုတ/ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယခုလို အသိပညာပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)