ပျဉ်းမနား နိုဝင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာ စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့်အတူ Grade-9 ကျောင်းသား မောင်ဟိန်းကိုကိုဇော်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-9 ကျောင်းသား မောင်ဟိန်းညီညီဇော်က လူငယ်နှင့်နည်းပညာ၊ Grade-10 ကျောင်းသူ မသွန်းရွှေရည်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသူ မချယ်ရီမျိုးသန့်က လူငယ်နှင့် အချိန်၏တန်ဖိုး စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က မေးမြန်းချက်များအပေါ် ထပ်ဆင့်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ကြိုးစားကြစေလိုကြောင်းနှင့် ယခုကဲ့သို့ လူငယ်များအား အသိပညာဗဟုသုများ တိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်ပြဘုတ်များ ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)