ညောင်ရွှေမြို့၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

ညောင်ရွှေ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် သစ်တောသစ်ပင်မှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်ဦးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်စေသောအကြောင်းအရင်းများ၊  မီးခိုးမြူငွေ့ကြောင့် ထိခိုက်စေနိုင်သော ကျန်းမာရေး၊ လူမှုရေး ဖြစ်စဉ်များ၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် လက်တွေ့လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သောအကြောင်းများ၊ သစ်ပင်သစ်တော၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ‌ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်း သူ ၁၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်