ပျဉ်းမနား နိုဝင်ဘာ ၂၁
ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းအခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာအုပ်စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်၊ နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားနေ့ကို ကျောင်းသား၊ ကျောင်းသူများသိရှိနိုင်စေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ နွေဦးကိုကိုက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီးများ၏ သမိုင်းကြောင်းမှတ်တမ်းများ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားနေ့နှင့်ပတ်သက်၍ ကျောင်းသား/သူလူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဟောပြောဆွေးနွေး ခဲ့သည်။
ယင်းနောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့်တာဝန်ရှိသူများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူလူငယ်များက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ