မြစ်သား နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ စာရေးဆရာ နေသူရိန်(မြစ်သား)မှ စာပေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီ အချိန်က ဟောပြောကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဒေါပြုံးကြည်က အဖွင့်အမှာ စကားပြောကြားပြီး စာရေးဆရာ နေသူရိန်(မြစ်သား)မှ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာကြည့်တိုက်သို့ စာလာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေအသိပညာ ဗဟုသုတများ ရရှိစေမည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ရဲရင့်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ လေးများကို စာအုပ်လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကိုလည်း ဆရာကြီးဦးထွန်းကျော်မှ လက်ခံရရှိကာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာကြီးဦးထွန်းကျော်မှ စာရေးဆရာ နေသူရိန်(မြစ်သား)အား အမှတ်တရ လက်ဆောင်ပေးခဲ့သည်။ ထို့နောက် ဆရာကြီး ဦးထွန်းကျော်က ပြန်လည်းကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြို့နယ်စာရေး ဆရာများအသင်းမှ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၇၀၀)ဦးတို့ကို ပဲနို့ အဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စာရေးဆရာများအသင်းမှ စာရေးဆရာ နေသူရိန်(မြစ်သား)၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)