စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၂၁

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယနေ့နံနက် ၈:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (Book Club)အဖွဲ့နာယက ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ဆောင်ပုဒ်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ​၊ ပြဋ္ဌာန်းခဲ့သည့် တက္ကသိုလ်အက်ဥပဒေများ၊ အမျိုးသားပညာရေးစနစ်အကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ၌ ဆုရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား/သူများက အဆိုပါရုံးဝန်းအတွင်း ပြသထားသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပြိုင်ပွဲဝင် ပန်းချီလက်ရာ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်မှတ်ခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)