စဉ့်ကိုင် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့နာယက ဦးသန်းအောင်က ကလေးသူငယ်များ လူကုန်ကူးခံရ၍ ခိုင်းစေခံရနိုင်ကြောင်း၊ ကလေးငယ်များအပေါ် လုပ်အားခခေါင်းပုံဖြတ်ခံရမှု မရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပြဿနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ကလေးအလုပ်သမားဖြစ်ပွားမှု အများဆုံးနိုင်ငံများအကြောင်းများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ် စသည့်အကြောင်းအရာများကို အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ရုံးဝန်းအတွင်းပြသထားသော အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)