စမ်းချောင်း နို၀င်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး၊ ရဲတပ်ဖွဲ့စုရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုတားဆီးရေး အကြောင်းအရာအားလည်းကောင်း၊ အမှတ်(၄၂)မူးယစ်တပ်ဖွဲ့စု ရဲအုပ်ဖန်အောင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အကြောင်းအရာအားလည်းကောင်း၊ မြို့နယ်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း