ပင်လောင်းမြို့၌ မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်

ပင်လောင်း နိုဝင်ဘာလ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှ‌မောင်ကအမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအကြောင်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့်သစ်တောများ၏အခန်းကဏ္ဍဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးသူဇာက မီးခိုး/မြူငွေ့အန္တရာယ်၊ ရေဘေး၊ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးအကြောင်းများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးစိုးမိုးနိုင်က သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က ကျောင်းသား၊ ကျောင်းသူများကို အာဟာရဖြည့်စွက်စာကျွေးမွေးနိုင်ရန် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံဆရာမ ဒေါ်ကေသွယ်သွယ်လေးက လက်ခံရယူခဲ့ကြောင်း၊ ယင်းနောက် အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် အသိပညာမေးခွန်းများမေးဖြေရာ၌ မှန်ကန်အောင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုငွေများ ပေးအပ်သည်သည်။ 

အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အမှတ်(၁)၊ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ( ၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်