လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၂၁

ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီခွဲက ကျောက်ဆည်မြို့နယ်၊ဆူးလေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆူးလေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဒုတိယ မူလတန်းပြဆရာ ဦးရာဇာလင်းက ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အောင်မြင်သူများဖြစ်စေရေး လေ့ကျင့်မှုများ ပြုလုပ်ရန်၊ လေ့ကျင့်မှုများ အဆက်မပြတ်ပြုလုပ်ပါက ကျွမ်းကျင်မှု၊ ရဲရင့်မှု၊ ယုံကြည်မှုများရှိလာပြီးဘဝတွင် တိုးတက်အောင်မြင်သူများ ဖြစ်မှာဖြစ်ကြောင်း၊ ရိုးသားကြိုးစားပြီး မကောင်းမှုကိုရှောင်းရှားပြီး ကောင်းမှုများကိုသာ ပြုလုပ်ရေး၊ ရိုသေထိုက်သူများကို ရိုသေလေးစားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံ ထူးချွန်ထက်မြက်စေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟုသုတများရရှိပြီး လူငယ်အချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်၊ ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီကဦးဆောင်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  ဆူးလေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-11 ကျောင်းသူ မယုယမင်းက လူငယ်နှင့်စာပေ၊ မောင်ဇိုက်ကိုက လူငယ်နှင့်နည်းပညာ၊ Grade-10 ကျောင်းသား မောင်မျိုးထက်အောင်က လူငယ်နှင့် အားကစား၊ မမြတ်ဖူးငုံက လူငယ်နှင့်ယဉ်ကျေးမှု စသည့် ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ သဘာဝဘေးန္တရာယ်ကြိုတင်ကကွယ်ရေး၊ လူငယ်စကားဝိုင်း အသိပညာပေးဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများစသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်