တိုက်ကြီး နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မဈေးတွင် ကျင်းပကြောင်း သိရသည်။
ဉီးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းက မြို့မဈေးတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မီးသုံးစွဲမှုနှင့်ပတ်သက်၍ မီးသတ်ဆေးဗူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများကို ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီးတို့ကို အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သည်။
အဆိုပါဟောပြောပွဲနှင့် သရုပ်ပြသဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ တက်ရောက်ကြသည်။
တိုက်ကြီးမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် မီးသတိမူရေးမီးဆော်ဩခြင်း၊ တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေးစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)