ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၁
မြို့နယ်အဆင့် မီးဘေးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဉ်ဖြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း ပိုင်ရှင်များအား ဖိတ်ခေါ်၍ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့နံနက်(၉)နာရီက ပြည်တော်သာရပ်ကွက်ရှိ ထူးမြတ်ချမ်းသာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်အဆင့် မီးဘေးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်မြင့်က မီးဘေးလုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဖြစ်ပွားတတ်သည့် အခြေအနေများနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၊ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိသင့်သည်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားအသိပညာပေးသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့် မီးဘေးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းပိုင်ရှင်များအား မြို့နယ် မီးသတ်ဦးစီးမှူးက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြသပြီး၊ ဂက်စ်မီးဖို သုံးစွဲရာတွင် လိုက်နာရမည့် အချက်များအားရှင်းလင်း၍ ဂက်စ် မီးလောင်မှုအား အလွယ်တကူငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြုငြှိမ်းသတ်နည်း များကို လုပ်ငန်းရှင်များအား လက်တွေ့ပါဝင်လုပ်ဆောင်စေခြင်းဖြင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးပွဲသို့ မြို့နယ်အဆင့် မီးဘေးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)