မောက်မယ်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မောက်မယ် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓါတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏နေ့ထူးနေ့မြတ်ကို အလေးထားသတိရရှိစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်း၌ ယနေ့နံနက် ၉ နာရီခွဲက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓါတ်၏အရေးပါမှု၊ နှစ်စဉ်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း  ကျောင်းသားကျောင်းသူလေးများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားအမှတ်ရနေစေရန်၊ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရနေစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပြီး ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)