ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲ ပြုလုပ်

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Family ကိုယ်ပိုင်မူလတန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများတွင် Family ကိုယ်ပိုင်မူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးနှင့် Family ကိုယ်ပိုင်မူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်နှင်းကေသွယ်တို့က ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နန်းရွှေရတီ