မန္တလေး နိုဝင်ဘာ ၂၁
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးဌာနဆိုင်ရာ ဦးစီးမှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီ၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ကြပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲများတွင် သံလုံးပစ်၊ သံပြားပစ်၊ ဝှီးချဲ၊ လှံတံပစ်၊ စစ်တုရင်၊ ဂိုးဘောလ်၊ အပြေးမီတာ (၁၀၀)၊ အပြေးမီတာ (၅၀) အစရှိသည့် အားကစားနည်းများ ပါဝင်မည်ဖြစ်ပြီး ကိုယ်အဂါမသန်စွမ်းများအတွက် ဝှီးချဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်တို့ကိုလည်းကောင်း၊ အကြားအာရုံမသန်စွမ်းများအတွက် မီတာ ၁၀၀(ကျား)၊ မီတာ ၅၀ (ကျား)၊ မီတာ ၅၀ (၃)တန်း (မ) အပြေးပြိုင်ပွဲတို့ကိုလည်းကောင်း၊ ဥာဏ်ရည်မသန်စွမ်းများအတွက် ကျား ၁၀၀ အပြေး၊ မီတာ ၅၀ အပြေး၊ မီတာ ၁၀၀လမ်းလျှောက်၊ မီတာ ၅၀၊ အပြေး (မ) မီတာ ၅၀၊ လမ်းလျှောက် (မ) တို့ကိုလည်းကောင်း၊ အမြင်အာရုံမသန်စွမ်းများအတွက် ဂိုးဘောလ် (ကျား/မ) မီတာ ၁၀၀၊ သံလုံးပစ် (ကျား/မ)၊ သံပြားပစ် (ကျား/မ)၊ လှံတံပစ်၊ စစ်တုရင်ပြိုင်ပွဲတို့ကိုလည်းကောင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဗထူးကွင်းနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ လမ်း ၃၀×၆၃ လမ်းထောင့်တို့တွင် နိုဝင်ဘာ ၂၇ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)