စစ်တွေ နိုဝင်ဘာ ၂၁
(၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော ကလေးသူငယ်များ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင်ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေအထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(The United Nations Convention on the Rights of the Child – UNCRC) ကို အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ(၂၀) ရက်နေ့ကို World Childen’s Day ဟုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင်အဖွဲ့ဝင်အဖြစ်အတည်ပြုပါဝင်ခဲ့ပြီး ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၂)နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ INGOs/NGOs များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRCပါကလေးသူငယ်များ၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေး (၄)ရပ်ကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးသူငယ်အမျိုးအစားအားလုံး အကျုံးဝင်စေရေးအတွက် မသန်စွမ်းကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ထည့်သွင်းစဉ်းစားပြီး စီမံချက်များချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး အရွယ်မတိုင်မီအလုပ်လုပ်နေရသည့်ကလေးများ၊ ရွှေ့ပြောင်း ကလေးများ၊ လူကုန်ကူးခံရသောကလေးများ၊ စွန့်ပစ်ကလေးများ၊ လမ်းပေါ်နေကလေးများ၊ ဥပဒေနှင့် ရင်ဆိုင်နေရသောကလေးများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုလည်း ဆက်စပ်ဝန်ကြီးဌာနများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်များဖော်ထုတ်ကာ စီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကယခုနှစ် ကမ္ဘာ့ကလေး များအတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “Listen to the Future” “အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံ နားထာင်ပေး” ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအား ကမ္ဘာပေါ်ရှိ ကလေးများအားလုံးရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲတန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှ အားလုံးပူး ပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန်တိုက်တွန်းပြောကြားသည်။
ထို့နောက် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၅) အခြေခံ ပညာမူလတန်းလွန်(ပြည်တော်သာ) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ ဗီဒီယိုမှတ်တမ်းအားပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်ပေးကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအားအမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသူများအားရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်သို့သွားရောက်ပြီး ပြတိုက်ရှေ့၌ခင်းကျင်းပြသ ထားသော ရခိုင်ရိုးရာပြိုင်လောင်း(လှေ)ကြည့်ရှုစစ်ဆေးပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားနိုင် ရေးမှာကြားကာ ပြတိုက်အတွင်းခင်းကျင်းပြသထားသော ရခိုင်တိုင်းရင်းသားလူမျိုးများ၊ တူရိယာများ၊ ရခိုင်ရိုးရာအိမ်များ၊ ရခိုင်ရိုးရာမင်္ဂလာဆောင်ပြခန်း၊ ရခိုင်ရိုးရာအားကစားပြခန်း၊ ရှေးဟောင်းယဉ်ကျေး မှုလက်ရာများခင်းကျင်း ပြသထားရှိမှုနှင့် စာကြည့်တိုက်တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး သို့သွားရောက်၍ ရုံးရှေ့ရှိမြေစိုက်နံရံကပ်ပြဘုတ်၌ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ် မှတ်တမ်းများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များပြသထားရှိမှုကို ကြည့်ရှုကာ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)