နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြော

နမ့်စန်() နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၅) ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က-ခွဲ (၅) ရပ်ကွက်မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်ကျော်သာက လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် မီးခိုးမြူငွေ့များ၊ မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံနှင့် မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ ကာကွယ်ရေး နည်းလမ်းများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်ဆိုးကျိုး အကြောင်းကို ပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က-ခွဲ(၅ရပ်ကွက်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။   

သူရအောင်(နမ့်စန်)