ပြင်ဦးလွင် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရပ်ကွက်ကြီး (၅) ရှိ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ သင်းသင်းအိမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အဖွင့်မိတ်ဆက်စကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းမှ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (OCV) ကာကွယ်ဆေးတိုက်ကျွေးရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အိအိဖြိုးအောင်မှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (OCV)ကာကွယ်ဆေးတိုက်ကျွေးရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြာခဲ့ပြီး ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)ကာကွယ်တားဆီးရေးလုပ်ငန်းများအား ပြည်သူများနှင့်အတူပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)