တောင်ကြီး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လူငယ်အားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃) နာရီခွဲက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က အဖွင့် အမှာစကားပြောကြားရာ၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တားမြစ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များအနေဖြင့် ကျန်းမာရေးအခြေအနေအရ အားကစား၌ တားမြစ်ထားသောဆေးဝါးတစ်မျိုးမျိူးကို သောက်သုံးနေရပါက တားမြစ်ဆေးစစ်ဆေးတွေ့ရှိသည့်အခါ ဆုတံဆိပ်များကို ပြန်လည်သိမ်းယူခြင်း၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်များကို ပိတ်ပင်ခြင်းများခံရနိုင်ကြောင်း၊ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူခြင်းများမှ ကင်းဝေးစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ တားမြစ်ဆေးသုံးစွဲမှု ကင်းလွတ်ခွင့် ထောက်ခံချက် (Theraupetic Use Exemption/ TUE Grant) ရရှိနိုင်ရန်လိုအပ်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာများကိုပြောကြားပြီး စဝ်စံထွန်းဆေးရုံကြီးမှ စိတ်ကျန်းမာရေးနှင့် မူးယစ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်စန်းဌေးနှင့် သမားတော် ဒေါက်တာ စည်သူလင်းတို့က Anti- Doping သုံးစွဲမှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ အားကစားသမားများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က အားကစားသမားများအတွက် VITAHOME အားဆေးများထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်