နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်စာကြည့်တိုက်များ ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ အသိပညာ ဗဟုသုတတိုးပွားလာစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးကို ထိရောက်စွာ အကောင်ထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအနေဖြင့် ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ် (၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက် (၁) တိုက်လျှင် သိန်း (၁၅၀) နှုန်းဖြင့် စာကြည့်တိုက် အဆောက်အအုံ အသစ် ဆောက်လုပ်ခြင်း၊ ပရိဘောဂနှင့် စာအုပ်စာစောင်များ ဖြည့်ဆည်း၍ စာကြည့်တိုက်အသစ် (၅၈) တိုက် တည်ထောင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ယခုအခါတွင် စာကြည်တိုက် (၁၃) တိုက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသော စာကြည့်တိုက် (၄) တိုက်ကိုလည်း (၁) တိုက်လျှင် ငွေကျပ် သိန်း (၅၀) နှုန်းထောက်ပံ့ပေးပြီး ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို စာကြည့်တိုက်များ ဖွင့်လှစ်ပေးသည့်အတွက် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စာဖတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေမှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် စိုက်ပျိုးရေးတက္ကသိုလ်အပါအဝင် အခြေခံပညာအထက်တန်းကျောင်းများတွင် (၆) ကြိမ် ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ အစည်းအဝေးသို့ တတ်ရောက်လာကြသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ အားလုံးအတူတကွ ပူးပေါင်းလက်တွဲ အကောင်ထည်ဖော်နိုင်မှသာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့် မားလာစေရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာကြည့်တိုက်အသစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် (၅၈) တိုက် အနက် (၃၄) တိုက် အသစ်ဆောက်လုပ်လျက်ရှိပြီး ကျန်ရှိနေသော (၂၄) တိုက်အား မြေနေရာ ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်းနှင့်  အသစ်ဆောက်လုပ်ပြီးသော စာကြည့်တိုက်များ မကြာခင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)