နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အမျိုးသားနေ့အောင်ပွဲနေ့နှင့် ပတ်သက်သည့် သမိုင်းကြောင်းများနှင့် သိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားရေး စိတ်ဓာတ်ရှင်သန်ထက်သန်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်းနိုင်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ တက်ကြွလာစေရန် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ စာရေးဆရာ နွေဦးကိုကိုက အမျိုးသားနေ့ ဖြစ်ပေါ်စေရန်အတွက် ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့သော ကျောင်းသားကြီး (၁၁) ဦး၏ လှုပ်ရှားခဲ့ပုံများ၊ ဗြိတိသျှတို့ပြဋ္ဌာန်းထားသော ကျွန်ပညာရေးဥပဒေများအကြောင်း၊ အမျိုးသားရေးတာဝန်များအကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် နေပြည်တော် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ဆရာအိုင်ပီမျိုးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-10 မှ မောင်ထက်ဦးလှိုင်က“ လူငယ်နှင့်တာဝန်သိမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်သန့်ဇင်က “လူငယ်နှင့်အမှား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မကြယ်စင်ခ က “လူငယ်နှင့်အလှအပဖြင့်ဝံ့ကြွားခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မမြတ်သဉ္ဇာမောင် က “လူငယ်နှင့်မေတ္တာတရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မခိုင်ဇင်လဲ့ က “လူငယ်နှင့်မွန်မြတ်ခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များ အပေါ် ၎င်းတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ လူငယ်ရေးရာ အသိပညာပေး သုတ၊ ရသစာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)