ရန်ကင်း နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမဒေါ် အေးအေးမော်တို့က ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade-7 မှ မရွှန်းမြတ်သွယ်၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Grade9မှ မအိဇူလိုင်မျိုး၊ အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-6 မှ မောင်ဇွဲမာန်ထွန်းလင်း၊ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် Grade-8 မှ မောင်ဟိန်းသန့်စင်နိုင်၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-8 မှ မောင်မြတ်ဇေယျ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့ကခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပါဝင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်လှလှထွေးမှ အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေသန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရဲလေး (ပြန်ဆက်)