ဇေယျာသီရိ နိုဝင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၉၆၉) ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၅၄) ဦးအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လျာထားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို (၈၃) ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ပြီး ယခုထိုးနှံပေးသည့် ကာကွယ်ဆေးသည် သားအိမ်ခေါင်း ကင်ဆာရောဂါပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို (၉၅) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရှိရပြီး ဇေယျာသီရိမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ နိုင်ဝင်ဘာလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့ထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင် ဦးဆောင်၍ ဆေးထိုးအဖွဲ့များခွဲ၍ အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်ထက်မကျော်လွန်သည့် ကျောင်းသူ (၉၆၉) ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးနှင့် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်ထက်မကျော်လွန်သည့် ကျောင်းသား၊ ကျောင်းသူ (၁၉၅၄) ဦးအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)