တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉း၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲ၀ံ့စွာစကားပြောဆိုတတ်စေရန် စကားဝိုင်းများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းနှင့် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာမဒေါ်‌မြမြဦးတို့ကဆောင်ရွက်ကာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဥ်အောက်မှ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦးခန့်တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာ‌စောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)