ပုဗ္ဗသီရိ နိုဝင်ဘာ ၂၀
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်၊၊
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝင်ငွေတိုး စီမံကိန်းသင်တန်းများကို ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းများတွင် စာတွေ့၊ လက်တွေ့ သင်ကြားခြင်းကို စိတ်ပါဝင်စားပြီး ထူးချွန်သူ၊ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူ ငါးဦးစီကို စနစ်တကျရွေးချယ်ပြီး ဖြစ်သည့်အတွက် လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မတည်ထောက်ပံ့ပေးထားသည့် လုပ်ငန်းသုံးပစ္စည်းများ အသုံးချခြင်း ရှိ/မရှိ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအောင်မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးရန် လုပ်ဆောင်ကြဖို့လိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သည့် သီးနှံ အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည် သင်တန်း၊ သစ်အခြေခံပရိဘောဂသင်တန်း၊ ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ကြသည့် ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ကျေးရွာများမှ သင်တန်းသားများ၊ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၊ ဆင်တဲကြီးကျေးရွာ၊ ရွာသစ်ကျေးရွာများမှ သင်တန်းသားများ၊ လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာမှ သင်တန်းသားများ၊ တပ်ကုန်မြို့နယ် ရွှေဥဒေါင်းစံပြကျေးရွာမှ သင်တန်းသားများနှင့် ထူးချွန်သင်တန်းသားများအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ ပေးအပ်ရာ သင်တန်းများက အသီးသီးလက်ခံရယူခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်)