ကော့မှူး နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ ကြောင့် ဖြစ်ပေါ်စေသော ဆိုးကျိုးများ၊ မီးခိုးမြူ ငွေ့ဖြစ်ပွားနေချိန်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့် နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသူများကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)