ကျောက်ဆည်မြို့နယ် အနောက်ရွာတော်ကျေးရွာတွင် ဆောင်းနေကြာများ မြေပြင်စိုက်ပျိုး

ကျောက်ဆည် နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံ စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အနောက်ရွာတော်ကျေးရွာ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင်အမှတ် (၁၄၂/၁) တောင်သူ ဦးညွှန့်ပို၏ ယာမြေ (၆.၂၅) ဧကတွင် ဆောင်းနေကြာများ မြေပြင်ပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဆောင်းနေကြာများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း စပ်မျိုး(၁)၊ ဆင်းရွှေကြာ(၂)၊ ဆင်းရွှေကြာ(၃) နေကြာမျိုးများကို သိပ္ပံနည်းကျစနစ်ဖြင့် တစ်ဧကသတ်မှတ်အပင်ရေ ဝင်ဆန့်မှုရှိစေရန် မျိုးစေ့(၄)ပြည် အသုံးပြုကြောင်း၊ မစိုက်ပျိုးမီ မြေတစ်ဧကတွင် နွားချေး/ မြေဆွေးများကို နွားလည်း (၇) စီးခန့်နှင့် ယူရီးယား၊ တီစူပါ၊ ပိုတက်မြေဩဇာများ ထည့်သွင်းမြေပြင်ပြီး အပင်ပေါက်သေချာစေရန်အတွက် မြေအစိုဓာတ် လုံလောက်ချိန်တွင် စိုက်ပျိုးကြကြောင်း၊ အပင်သက်တမ်း (၁၅) ရက်တွင် အပင်များ ထူထပ်နေပါက သန်မာသည့် နေကြာပင်များ ချန်လှပ်၍ သားခွဲခြင်းများ ပြုလုပ်ပေးရပြီး၊ ရက်ပေါင်း(၄၀)တွင် ကြားထွန်လိုက်ခြင်း၊ ပေါင်းပေါက်၍ မြေဆွခြင်းများ၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးရပြီး အပင်ယိုင်လဲမှုမရှိစေရေး နေကြာပင်များ အဖူးစတင်ဝင်ချိန်တွင် ယူရီးယားမြေဩဇာများ လိုအပ်သလို ထည့်သွင်းပေးပြီး အစိုဓာတ်လိုအပ်သည့်အခါ ရေသွင်းခြင်းများ ပြုလုပ်ပေး၍ စိုက်ပျိုးကြောင်း သိပ္ပံနည်းကြ နေကြာစိုက် တောင်သူများထံမှ သိရသည်။

နေကြာတစ်ဧက စိုက်ပျိုးပါက မြေပြင်ခြင်း၊ မျိုးစေ့နှင့် သွင်းအားစု စုစုပေါင်း ငွေကျပ် (၄) သိန်းကျော် (၅) သိန်းကျပ်ခန့် ကုန်ကျစရိတ်ရှိပြီး နေကြာစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကုန်ကျမှုသက်သာစေရန်နှင့် အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးရေး ထွန်စက်များဖြင့် မြေပြင်ပေးခြင်းများ ကူညီဆောင်ရွက်ပေးခြင်း၊  စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် နေကြာမျိုးများ၊ စိုက်နည်းစနစ်များ ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)